မိုးရာသီက ကလေးတွေကို ဘယ်လို အရေပြားပြဿနာတွေ ဖြစ်စေနိုင်လဲ
စိုစွတ်တဲ့ မိုးရာသီက သားသားမီးမီးတို့ ပျော်ရွှင်ကြတဲ့ ရာသီတစ်ခုပါ။ သားသားမီးမီးတို့အတွက် ပျော်စရာ ဆိုပေမယ့် မိဘတွေအတွက်ကတော့ ဒီလို မဟုတ်ပါဘူး။
သားသားမီးမီးတို့မှာ ဖျားနာတာ နဲ့ အရေပြားပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့်ပါ။ ဒါကြောင့် သိရှိကာကွယ်နိုင်ဖို့ မိုးရာသီမှာ ကလေးတွေမှာ ဘယ်လို အရေပြားပြဿနာတွေ ဖြစ်နိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။
မိုးရာသီမှာ အရေပြားမှာ ဗိုင်းရပ်စ်၊ မှိုပိုးနဲ့ ဘက်တီးရီးယားတွေ ကူးစက်မှုကြောင့် ကလေးမှာ အရေပြား ပြဿနာ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဒါတွေကတော့
- မိတ် - ချွေးထွက်များစေတာကြောင့် နဲ့ အရေပြားမှာ နည်းနည်းပါးပါးပဲ ရှိတဲ ချွေးပေါက်လေးတွေ ပိတ်ဆို့မှုကြောင့် ကလေး အရေပြားမှာ မိတ်တွေ ဖြစ်လာရတာပါ။
- ပွေး - ပွေးဆိုတာက မှိုပိုး ကူးစက်တာပါ။ ပူနွေးစိုစွတ်ချိန်မှာ အရေပြားမှာ မှိုပိုး ကူးစက်တာကြောင့် ပွေး ဖြစ်နိုင်ပါတယ်။
- ညှင်း - Malassezia မှိုပိုးတွေ အဆမတန် ပွားတာကြောင့် အရေပြားမှာ ဖြစ်လာတဲ့ အရေပြား ပြဿနာ တစ်မျိုးပါ။
- ဝဲ - မိုးထဲရေထဲမှာ အကြိုက် ရွှံ့တွေ ဗွက်တွေနဲ့ ဆော့ရာကနေ ဒီလို အညစ်အကြေးတွေမှာပါတဲ့ ဘက်တီးရီးယားတွေကြောင့် ဝဲတွေ ဖြစ်ရတာပါ။
- သဲဝဲ - အရေပြားမှာ မှိုပိုးတွေ ဝင်ရောက်ကူးစက်တာကြောင့် အရေပြားမှာ သဲဝဲတွေ ဖြစ်လာရတာပါ။
- သေးခံလောင်တာ - အရမ်းငယ်သေးတဲ့ ကလေးတွေမှာ အရေပြားမှာ သေးခံ ပွန်းပြီး သေးခံလောင်တာကို ခံစားရနိုင်ပါတယ်။
- လက်သည်း ပူမိတာ - လက်သည်းတွေက ရောဂါပိုးတွေ အများကြီး ခိုအောင်းနေတဲ့ နေရာပါ။ ဒါကြောင့် အရေပြားမှာ ခြင်ကိုက်မိတာလိုမျိုး အဖုတွေကို လက်သည်းတွေနဲ့ ကုတ်မယ်ဆိုရင် ပိုးဝင်ကူးစက်ပြီး လက်သည်းပူမိတာကို ဖြစ်စေနိုင်ပါတယ်။
- အနာစိမ်း - အရေပြား ချွေးပေါက်တွေမှာ ပိုးဝင်ကူးစက်တာကြောင့် ချွေးပေါက်ပိတ်ဆို့ ရောင်ရမ်းပြီး ပြည်တွေ စုရာကနေ အနာစိမ်းတွေ ဖြစ်လာရတာပါ။
ကလေးတွေမှာ ဖြစ်ရတဲ့ အရေပြား ပြဿနာ အများစုက သန့်ရှင်းမှု အားနည်းတာကြောင့်ပါ။ ဒါကြောင့် ကလေးရဲ့ အရေပြားကို မှိုပိုးတွေ၊ ဖုန်မှုန့်တွေနဲ့ ဘက်တီးရီးယားတွေကြောင့် ကူးစက်တာမျိုး မဖြစ်စေဖို့ဆိုရင် အရေပြားကို သေချာလေး သန့်စင်ပေးပြီး လေဝင်လေထွက် ကောင်းအောင် ထားပေးတာ၊ အရေပြား အတွန့်အခေါက် နေရာတွေမှာ ချွေးဝပ်တာမျိုး မဖြစ်အောင် ဂရုစိုက်တာ၊ အရေပြားကို ခြောက်သွေ့အောင် ထားပေးတာမျိုးလေးတွေ ဂရုစိုက်ပေးမယ်ဆိုရင် အရေပြားပြဿနာတွေကို ကာကွယ်ပေးရာ ရောက်မှာပါ။
မွန်မွန်